International News

အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုတွင် မေလ၌ သွင်းကုန်မြင့်တက်လာခြင်းသည် ပြည်တွင်း စီးပွားရေးတည်ငြိမ်မှုကို ပြသနေကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်

Last Updated:

ကုန်သွယ်မှုတွင် သွင်းကုန်ပမာဏသည် မေလအတွင်း ဆက်တိုက်မြင့်တက်လာခြင်းသည် ကုန်သွယ်မှုလိုငွေကို ၅ လဆက်တိုက်ဖြစ်စေပြီး ယင်းသည် ပြည်တွင်းစီးပွားရေးတည်ငြိမ်မှုကို ပြသနေသည်ဟု စီးပွားရေးပညာရှင်များက ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ကုန်သွယ်မှုတွင် ပို့ကုန်ပမာဏသည် ပြီးခဲ့သည့်လထက် ၀.၇ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံသို့ရောက်ရှိခဲ့သော်လည်း သွင်းကုန်ပမာဏသည် ပြီးခဲ့သည့်လထက် ၁၄.၅ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး အမေရိကန်‌ဒေါ်လာ ၅၇.၁ ဘီလီယံအထိရှိခဲ့ပါကြောင်းနှင့် ကုန်သွယ်မှုလိုငွေသည် ပြီးခဲ့သည့်လတွင် အမေရိကန်ဒေါ်လာ ၁၅.၁ ဘီလီယံသာရှိခဲ့ရာမှ မေလတွင် ၂၂.၁ ဘီလီယံထိရှိခဲ့ကြောင်း သိရှိရပါသည်။

ရွှေတင်သွင်းမှုမှာ သုံးဆကျော်မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိရှိခဲ့ပါကြောင်းနှင့် အောက်တိုဘာလနောက်ပိုင်း အမြင့်မားဆုံးဖြစ်ပါကြောင်း၊ ရေနံတင်သွင်းမှုမှာ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ စက်ပစ္စည်းကိရိယာများ၊ လျှပ်စစ်ပစ္စည်းကဲ့သို့သောလူသုံးကုန် ပစ္စည်းများ စသည့်စက်မှုလုပ်ငန်းသုံးကုန်စည်တင်သွင်းမှုမြင့်တက်လာခြင်းသည် ပြည်တွင်းဝယ်လိုအား ပြန်လည်အားကောင်းလာမှုကို ညွှန်ပြနေပါကြောင်း၊ ယခုမိုးရာသီ သီးနှံစိုက်ပျိုးချိန်တွင် ဓါတ်မြေသြဇာတင်သွင်းမှုမှာလည်း သိသာထင်ရှားစွာမြင့်တက်လာကြောင်း အိန္ဒိယနိုင်ငံ၏ စီးပွားရေးပညာရှင်ဖြစ်သူ Rahul Bajoria က ပြောကြားထားပါသည်။

စီးပွားရေးပညာရှင်များသည် မေလအတွင်း ကုန်သွယ်မှုလိုငွေပြမှုသည် ပိုမိုများလာပြီး ယခုဘဏ္ဍာရေးနှစ်တွင် မျှော်မှန်းထားသည့် စီမံခန့်ခွဲနိုင်သောကုန်သွယ်မှုလိုငွေကို ကျော်လွန်နေသည်ကို လျစ်လျူရှုထားကြကြောင်း၊ ကုန်စည်ဈေးနှုန်းများကျဆင်းခြင်း၊ ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများပိုမိုများပြားလာခြင်း၊ ငွေပို့ငွေလွှဲများမြင့်တက်လာခြင်းသည် ယခုအချိန်အထိ ကုန်သွယ်မှုပမာဏကွာဟချက်ကို အထောက်အကူပြုထိန်းကြောင်းဆောင်ရွက်ပေးနေပါကြောင်းနှင့် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်ထက်နှိုင်းယှဉ်ပါက ပုံမှန်ဈေးနှုန်းထက် အကျဘက်သို့ ဦးတည်နေသည်ဟု Bajoria က ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source: India's merchandise import jump in May signals stable local economy: Economist, The Economic Times, 17 June 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News